Mar 30, 2011

အာဆင်နယ် (သို့) အမြှောက်တပ်ဖွဲ့ ၄၉

   နံပါတ် ၄၉ ကိုမြင်လိုက်တာနဲ့ အာဆင်နယ်ကို အားပေးသူတွေနဲ့ ဘောလုံး ပရိသတ်တွေ စတင် သတိရလိုက်တော့ အာဆင်နယ် အသင်းရဲ. ရပ်တန့်လို့ မရခဲ့တဲ့ ၄၉ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ပါပဲ။

၂၀၀၃ခုနှစ် မေလ ၇ရက်နေ့မှ စတင်ကာ ၂၀၀၄ခုနှစ် အောက်တိုဘာ ၁၆ရက်မှာမှ အဆုံး သတ်သွားတဲ့ အာဆင်နယ်ရဲ. ၄၉ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဟာ အင်္ဂလန် ဘောလုံး သမိုင်းမှာ အချိန်ကာလ ဘယ်လောက်ကြာ အထိ မှတ်တမ်းတစ်ခုအဖြစ် ကျန်ခဲ့မယ်ဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ရဲ. ၂၆နှစ်ကြာ တင်ထားခဲ့တဲ့ ၄၂ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက် ပြနိုင်ခဲ့သလို နောက်ထပ် ဘယ်အချိန်မှာ ဘယ်အသင်းက ဒီ့ထက် ကောင်းမွန်တဲ့ စံချိန်ကို ရရှိမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

နော်တင်ဟမ်ဖောရက်စ်

ဘောလုံး ပရိသတ်များ သိကြတဲ့အတိုင်း နော်တင်ဟမ်ဖောရက်စ်ဟာ ဂန္တဝင် နည်းပြ ဘရိုင်ယန်ကလော့ခ်ျရဲ. ပဲ့ကိုင်မှုများနဲ့ အတူ အင်အားကြီး အသင်းတစ်သင်း အဖြစ် ခေတ်တစ်ခေတ်ကို လီဗာပူးနဲ့ အပြိုင် တည်ထောင် နိုင်ခဲ့ပါတယ်။ ၁၉၇၇-၇၈ခုနှစ်မှာ ဒုတိယ နေရာမှ လီဗာပူးကို ၇မှတ် အသာနဲ့ ပထမတန်း အမှတ်ပေး ချန်ပီယံ ဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေဟာ ရပ်တန့် မသွားပဲ ဥရောပ ချန်ပီယံလိဂ်ကိုလည်း ၁၉၇၉နှင့် ၁၉၈၀ခုနှစ် တွင်၂ကြိမ်ဆက်တိုက် ဗိုလ်စွဲကာ အင်္ဂလန်ကလပ် အသင်းတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ပေးခဲ့ပါတယ်။

ထိုစဉ် အချိန် ကာလဟာ ဥရောပမှာ အင်္ဂလန် ကလပ်အသင်းတွေ အအောင်မြင်ဆုံး ကာလဟု ညွှန်းဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁ တွေမှာ သုံးကြိမ်တိတိ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ လီဗာပူးရဲ. အောင်မြင်မှုနဲ့ ပေါင်းစပ်လိုက်ရင် ၅နှစ်ဆက်တိုက် အင်္ဂလန်ကလပ် အသင်းတွေ ဥရောပမှာ ကြီးစိုးခဲ့တဲ့ ကာလဖြစ်ကာ၊ နိုင်ငံ အနေနဲ့လည်း စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ရဲ. ၅နှစ်ဆက်တိုက် အောင်မြင်မှုကို အမှီ လိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ယခု အချိန်အထိလည်း ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်မှာ ၅နှစ်ဆက်တိုက် ဗိုလ်စွဲဖူးသော နိုင်ငံအဖြစ် စပိန်နဲ့ အင်္ဂလန်နိုင်ငံ ၂နိုင်ငံ သာလျှင် မှတ်တမ်း ဝင်သေးတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ရဲ. နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှုကတော့ ၂၆နှစ်ကြာ တည်မြဲစေမယ့် ၄၂ပွဲဆက် ရှုံးပွဲမရှိ စံချိန်ပဲ ဖြစ်ပါတယ်။ ၁၉၇၇ခုနှစ် နိုဝင်ဘာ ၂၆ရက်နေ့မှ စတင်ကာ ၁၉၇၈ခုနှစ် နိုဝင်ဘာ ၂၅ရက်မှာ အဆုံးသတ်ခဲ့တဲ့ ၁နှစ်တိတိ ကြာမြင့်ခဲ့တဲ့ ထိပ်သီး လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ၄၂ပွဲ အတွင်းမှာ ၂၁ပွဲနိုင် ၂၁ပွဲ သရေကျကာ သွင်းဂိုး ၅၈ဂိုး ပေးဂိုး၂၂ဂိုးဆိုတဲ့ စံချိန်နဲ့ အတူ ရာသီအကုန်မှာ အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့ပေမယ့် တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်ကိုတော့ လွဲချော်ခဲ့ရပါတယ်။ ဖော်ရက်စ်ရဲ. Invincible Record ကို ရပ်တန့်စေခဲ့ သူကတော့ ခေတ်ပြိုင် ပြိုင်ဘက် လီဗာပူးဖြစ်ကာ ၁၉၇၈ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့ အန်းဖီးလ်မှာ  ၂-၀ဖြင့် အနိုင်ယူကာ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နှင့် စံချိန်သစ်

အာဆင်နယ်ရဲ့ စံချိန်ကို အစ ပျိုးပေးမယ့်ပွဲစဉ်ကတော့ ၂၀၀၃ခုနှစ် မေလ ၄ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ လိဒ်ယူနိုက်တက်ကို ဟိုက်ဘူရီမှာ ၂-၃ဂိုးနဲ့ ရှုံးနှိမ့်အပြီး စတင်ခဲ့ပါတယ်။ လက်ကျန်၂ပွဲ အကျန်မှာ ရမှတ် ၈မှတ်ပြတ်နေခဲ့လို့ မန်ချက်စတာ ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလား လွှဲအပ်ပေး အပြီးမှာတော့ အာဆင်နယ် အသင်းကို သမိုင်း ဝင်စေမယ့် မှတ်တမ်းတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ထပ် ၃ရက်အကြာမှာ ဆောက်သင်ပတန်ကို ၆-၁ဂိုးဖြင့် အနိုင်ယူကာ စတင်ခဲ့တဲ့ အာဆင်နယ်ရဲ. ရှုံးပွဲမရှိ စံချိန်ဟာ ၂၀၀၄ခုနှစ် အောက်တိုဘာလ ၂၄ရက်တွင် မန်ချက်စတာ ယူနိုက်တက်အား ၂-၀ ဖြင့်ရှုံးနှိမ့်ခဲ့တဲ့ အထိ ၁နှစ် ၅လနှင့် ၂၀ရက် ကြာမြင့်ခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ စံချိန်တင် ကာလတလျှောက်မှာ သွင်းဂိုး ၁၁၂ဂိုး၊ ပေးဂိုး ၃၄ဂိုးသာ ရှိခဲ့ပြီး၊ တစ်ပွဲကို ပျမ်းမျှသွင်းဂိုး ၂.၃ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂိုးမသွင်း နိုင်တဲ့ ပွဲစဉ် ၄ပွဲသာ ရှိခဲ့ပြီး အခြားပွဲစဉ် ၄၅ ပွဲတိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အထိ တိုက်စစ်အင်အား ထက်မြက်ခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ.တိုက်စစ်မှူး သီယာရီ အွန်နရီဟာလည်း တစ်ဦးတည်း ၃၉ဂိုး သွင်းယူခဲ့ပြီး သွင်းဂိုး အားလုံးပေါင်းရဲ. ၃၅ ရာခိုင်နှုန်းခန့်ကို သွင်းယူ ပေးခဲ့ကာ အသင်းရဲ. အထင်ကရ တိုက်စစ်မှူး အဖြစ် မှတ်ကျောက် တင်နိုင်ခဲ့ပါတယ်။

မည်သို့ပင် ဆိုစေ “Records are made to be broken”  ဆိုတဲ့အတိုင်း ၁နှစ်ခွဲခန့် အကြာမှာ အာဆင်နယ်ရဲ. စံချိန်ရပ်တန့်ဖို့ အကြောင်း ဖန်လာပါတယ်။ ၂၀၀၄ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့ အိုးထရက်ဖို့ဒ်မှာ ဝိန်းရွန်နီကြောင့် ရခဲ့တဲ့ ပင်နယ်တီနှင့် အတူ မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ကို ၂-၀ဖြင့် အနိုင်ယူကာ နံပါတ် ၄၉ စတင် မွေးဖွားလာခဲ့ပါတယ်။

ဤနေရာမှာ တိုက်ဆိုင်မှု တစ်ခုလည်း ရှိနေပါတယ်။ နော်တင်ဟမ်ဖောရက်စ်ရဲ. ၄၂ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကို ရပ်တန့်တာဟာ ခေတ်ပြိုင် ပြိုင်ဘက် လီဗာပူး ဖြစ်ခဲ့သလို၊ အဝေးကွင်းမှာပဲ စံချိန်ကို စွန့်လွှတ်ခဲ့ရပြီး ဂိုးအရည် အတွက်ဟာလည်း အတိအကျ ၂-၀ဖြစ်နေခြင်းပါပဲ။ အာဆင်နယ်ဟာလည်း ပြိုင်ဘက် မန်ယူကိုပဲ အဝေးကွင်း အိုးထရက်ဖို့ဒ်မှာ နော်တင်ဟမ်ဖော်ရက်စ်လိုပဲ ၂-၀ဖြင့် အရှုံး ပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ အာဆင်နယ် သာလွန်ခဲ့တာကတော့ ၄၉ပွဲဆက် ရှုံးပွဲမရှိ စံချိန်ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

၄၉တပ်ဖွဲ့မှ အမာခံ အမြှောက် တပ်သားတွေကတော့
ဂိုးသမား- လေမန်း
နောက်တန်း- လောရင့်၊ ကမ်းဘဲလ်၊ တိုရေး၊ အက်ရှလေကိုး
အလယ်တန်း- ယွန်းဘတ်၊ ဗီအဲရာ၊ ဂီလ်ဘာတိုဆေးလ်ဗား၊ ပီရက်စ်
ရှေ့တန်း- အွန်နရီ၊ ဘားကင့်
အရန် ကစားသမားများ- စတက်၊ ဆီဂန်၊ ကီအွန်း၊ ဆန်းဒရို.စ်၊ ကလစ်ချီ၊ ဗန်ဘရွန်ခရော့စ်၊ ဘန်တလေ၊ ဖာဘရီဂတ်စ်၊ အီဒူး၊ ပါလာ၊ အလီဒါယေး၊ ဝီးလ်တော့၊ ရေးယက်စ်၊ ကနူး၊ ဂျက်ဖားစ် အပါအဝင် အခြားသော လူငယ်ကစားသမားများ။

အထင်ကရပွဲစဉ် အချို့

အာဆင်နယ်ရဲ့ ရှုံးပွဲမရှိ စံချိန်ကို အနှောင့်အယှက် ဖြစ်စေမယ့် မှတ်မှတ်ရရ ပွဲစဉ်တစ်ချို့ ရှိခဲ့ပေမယ့် အောင်မြင်စွာနှင့် ကျော်လွှားနိုင်ခဲ့ကာ သမိုင်းဝင် စံချိန်တစ်ခုကို ရရှိနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်များကတော့

၁၊ အာဆင်နယ် ၁-၁ ပို့စ်မောက်

၂၀၀၃-၀၄ခုနှစ် ရာသီရဲ့ ပွဲစဉ်အမှတ်(၅) ဖြစ်ပါတယ်။ ၄ပွဲဆက်အနိုင်ရကာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်ကို တန်းတက်အသင်း ပို့စ်မောက်က မန်ယူတိုက်စစ်မှူးဟောင်း တက်ဒီရှာရင်ဂမ်ရဲ. သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ နည်းပြ ဟယ်ရီရက်နက်ပ် ကိုင်တွယ်တဲ့ ပို့စ်မောက်ဟာ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့
ဒီဇူး၊ စတီဖင်နိုဗစ်၊ ပက်ထရစ်ဘာဂါ၊ ရှာရင်ဂမ်၊ ယာကူဘူ အစရှိတဲ့ ကစားသမားတွေနဲ့ အတူ အာဆင်နယ်ကို ဒုက္ခ ပေးနိုင်ခဲ့ပေမယ့် ပီရက်စ်ကို ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ကနေ ရရှိခဲ့တဲ့ အငြင်းပွားဖွယ်ရာ ပင်နယ်တီနဲ့ အတူ အာဆင်နယ်ကို သရေသာ ရရှိနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာတော့ ၄၉ပွဲဆက် စံချိန်ရဲ့ ၇ပွဲမြောက်မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး အာဆင်နယ် အနေနဲ့ အောင်မြင်စွာ ဖြတ်သန်း နိုင်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

၂၊ မန်ချက်စတာယူနိုက်တက် ၀-၀ အာဆင်နယ်

ဒီပွဲစဉ်ကတော့ အထူးတလည် မိတ်ဆက် ပေးစရာမလိုတဲ့ မန်ယူ ပရိသတ်တွေရော၊ အာဆင်နယ် အားပေးသူတွေပါ ရင်းနှီးတဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ပွဲချိန် မိနစ်(၈၀)မှာ အာဆင်နယ် အသင်းခေါင်းဆောင် ပက်ထရစ်ဗီ အဲရာကို အနီကဒ် ထိစေရန် ကြိုးပမ်းလို့ အာဆင်နယ် ကစားသမားတွေက မန်ယူတိုက်စစ်မှူး ရုဒ်ဗန်နစ်စတယ်ရွိုင်းကို ပြစ်တင်ခဲ့ကာ လက်ကျန် ၁၀မိနစ်ဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်ခဲ့တာပဲ ဖြစ်ပါတယ်။
သို့သော်လည်း ဇာတ်ရှိန် အမြင့်ဆုံး ရောက်အောင် ဆွဲခေါ်သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ မိနစ်၉၀မှာ စတင်ခဲ့ပါတယ်။ ဒီယေဂိုဖော်လန်ကို ဧရိယာထဲမှာ အာဆင်နယ်ခံစစ်မှူး မာတင်ကီအွန်းက ဆွဲလှဲခဲ့လို့ နာကျင် အချိန်ပို ၁မိနစ်မှာ ပင်နယ်တီ ပေးခဲ့ရခြင်း ဖြစ်ပါတယ်။ အဆိုပါပင်နယ်တီကို မန်ယူတိုက်စစ်မှူး ရုဒ်ဗန်နစ်စတယ်ရွိုင်း ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်း ထိကာ လွဲချော်ခဲ့တဲ့နောက် ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများနှင့် အတူ အာဆင်နယ်ကစားသမား လောရင့်၊ ကီအွန်း၊ အက်ရှလေကိုးလ်၊ ရေးပါလာတို့ဟာ ပွဲပယ် ပြစ်ဒဏ်များ အသီးသီး ကျခံခဲ့ရပါတယ်။ ဒါပေမယ့် ရှုံးပွဲမရှိ စံချိန်ကို ပျက်ယွင်းစေရန်တော့ မလုံလောက်ခဲ့ပါဘူး။

၃၊ အာဆင်နယ် ၄-၂ လီဗာပူး

ပွဲစဉ်ရလဒ်ကို ကြည့်မယ်ဆိုရင် စိုးရိမ်စရာ ကောင်းတဲ့ ပွဲတစ်ပွဲလို့ ထင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တကယ်ကို ရင်ခုန်ဖို့ ကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ လီဗာပူးက ဦးဆောင်ဂိုးကို ၂ကြိမ်တိတိသွင်းယူကာ ပထမပိုင်းအပြီးမှာ ၂-၁ဖြင့် အာဆင်နယ်ကို ဦးဆောင် နေခဲ့ပါတယ်။ ပထမပိုင်း အစ ၅မိနစ်မှာ သွင်းယူခဲ့တဲ့ ဆမ်မီဟစ်ပီယာရဲ့ သွင်းဂိုး၊ ပထမပိုင်း ပြီးခါနီးမှာ သွင်းယူခဲ့တဲ့ မိုက်ကယ်အိုဝင်ရဲ. သွင်းဂိုးတွေဟာ လီဗာပူး အတွက် လုံလောက်တဲ့ အာမခံချက် မဖြစ်စေခဲ့ပါဘူး။
ဒုတိယပိုင်းပြန်စလို့ ၄မိနစ် အကြာမှာ ရောဘတ်ပီရက်စ်ရဲ့ လှပတဲ့ ချေပဂိုး၊ ၅မိနစ်အကြာမှာ သီယာရီအွန်နရီရဲ. တကိုယ်တော် စွမ်းရည်နဲ့ အနိုင်ဂိုးတွေကို ၁မိနစ်သာ ခြားပြီး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ အွန်နရီရဲ့ ဒုတိယဂိုးဟာ လီဗာပူး ခံစစ်မှူး ဂျေမီကာရေဂါ အတွက်တော့ မေ့ဖျောက်လိုက်ချင်တဲ့ ဂိုးတစ်ဂိုး ဖြစ်ခဲ့မှာ သေချာပါတယ်။ ပွဲစဉ် ၇၈မိနစ်မှာတော့ အွန်နရီက ဟက်ထရစ် သွင်းယူကာ အနိုင်ကို သေချာစေခဲ့ပါတယ်။ ပွဲမစခင်က နောက်ကျော ဒဏ်ရာကြောင့် မပါဝင်နိုင်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ တိုက်စစ်မှူးအွန်နရီ ကယ်တင်ခဲ့ရတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။

ဂန်းနားလို့ ချစ်စနိုးခေါ်ကြတဲ့ အာဆင်နယ် အသင်းရဲ. စံချိန်တွေနဲ့ အတူ နောက်လာမယ့် ကာလတွေမှာ ဘယ်အသင်းတွေက စံချိန်တွေ ထပ်မံ ရေးထိုးဦးမလဲဆိုတာကို စောင့်မျှော်ရင်း ဥရောပတခွင်မှ  ရှုံးပွဲမရှိ စံချိန်တွေကို အောင်မြင်စွာ ရရှိနိုင်ခဲ့တဲ့ အသင်းတွေရဲ. အောင်မြင်မှုတွေနဲ့ မှတ်တမ်းများပါ တပါတည်း ဖော်ပြပေးလိုက်ပါတယ်။
၁၊ အေစီမီလန်
၅၈ပွဲဆက် ရှုံးပွဲမရှိ (၁၉၉၁မှ ၁၉၉၃ခုနှစ် အတွင်း)

၂၊ အာဆင်နယ်
၄၉ပွဲဆက် ရှုံးပွဲမရှိ (၂၀၀၃မှ ၂၀၀၄ခုနှစ်အတွင်း)

၃၊ ရီးရဲလ်ဆိုစီဒက်
၃၈ပွဲဆက် ရှုံးပွဲမရှိ (၁၉၇၈မှ ၁၉၈၀ခုနှစ်အတွင်း)

၎၊ ဟမ်းဘတ်
၃၆ပွဲဆက် ရှုံးပွဲမရှိ (၁၉၈၂မှ ၁၉၈၃ခုနှစ်အတွင်း)

၅၊ နန့်တက်စ်
၃၂ပွဲဆက် ရှုံးပွဲမရှိ (၁၉၉၄မှ ၁၉၉၅ခုနှစ်အတွင်း)

0 comments:

  © Blogger template 'Isolation' by Ourblogtemplates.com 2008

Back to TOP