Mar 30, 2011

ဦးသိန်းစိန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။


နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်သည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော် နာယကများ၊ လွှတ်တော်အမတ်များလည်း တက်ရောက်ခဲ့ကြသည်။

အသက် ၆၆ နှစ်မြောက် မွေးနေ့ ကျရောက်ခါနီးပြီ ဖြစ်သော ဦးသိန်းစိန်သည် လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ လက်ရှိအာဏာရ ခေါင်းဆောင်များထဲတွင် လာဘ်စားမှု အနည်းဆုံးဟု ဆိုကြသည့် ဦးသိန်းစိန်သည် သမ္မတသစ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီးတွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ အာဏာကို လွှဲပြောင်းယူခြင်း ဖြစ်သည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရှစ်ဦးမြောက် သမ္မတ ဖြစ်လာပြီး ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ကြီး ၃ဝနှင့် ဒုဝန်ကြီး ၄၀ ခန့်ပါဝင်သော ကက်ဘိနက်ကို ဦးဆောင်ရမည် ဖြစ်သည်။ ထိုဝန်ကြီးအဖွဲ့တွင် အငြိမ်းစား စစ်အရာရှိများနှင့် နှင့် လက်ရှိတာဝန်ထမ်းဆောင်နေကြဆဲ စစ်ဘက်အရာရှိများ အများဆုံး ပါဝင်နေကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး၏မူလ နာယက ၅ဦးအနက် ဦးသိန်းစိန်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် သူရဦးရွှေမန်းတို့သည် ရွေးကောက်ပွဲအပြီး သမ္မတနှင့် ဒုသမ္မတများ ဖြစ်လာသည်။ အနားယူသွားသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ သြဇာမှာ ဆက်လက်လွှမ်းမိုးနေဦးမှာ ဖြစ်သည်ဟု အများက သံသယ ရှိကြသည်။

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် သဘောထားတင်းမာသူများ လွှမ်းမိုးနေပြီး  လာမည့် နှစ်ပေါင်းများစွာအထိ အစိုးရအဖွဲ့ကို ချုပ်ကိုင် ကြီးစိုးနေလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

၁၉ နှစ်ကြာ နိုင်ငံကို သံမဏိလက်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မတ်လ ၂၆ ရက်နေ့တွင် အစိုးရအဖွဲ့သစ်တွင် ပါမည့်သူများကို တွေ့ဆုံအပြီး အနားယူမည့်အကြောင်း ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများအား ဇန်နဝါရီလ ၃၁ရက်နေ့ကတည်းက စတင်ခဲ့ပြီး  ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးပြီ ဖြစ်သည်။ ဒုတိယ အကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများအား ယခုနှစ် ကုန်သည်အထိ စတင်ဦးမည် မဟုတ်ဟု သိရသည်။

0 comments:

  © Blogger template 'Isolation' by Ourblogtemplates.com 2008

Back to TOP