Mar 30, 2011

လာမည့် နွေရာသီတွင် ကစားသမားသစ် ၃ဦး ခေါ်ယူမည်ဟု ဖာဂူဆန် ဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က လာမည့် နွေရာသီတွင် ကစားသမားသစ် ၂ဦး သို့မဟုတ် ၃ဦး ခေါ်ယူ အားဖြည့်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။



မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ရာသီကုန်၌ ၀ါရင့်
ကစားသမား အချို့ အနားယူ တော့မည် ဖြစ်ရာ ဖာဂူဆန်က အစားထိုး ခေါ်ယူမှုများ ပြုလုပ်ရန် ပြင်ဆင် ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိပ်တန်း ကစားသမား အချို့အား ခေါ်ယူမည်ဟု ပြောကြားခဲ့သည်။

"စိတ်ထဲမှာတော့ ခေါ်ယူမယ့် ကစားသမားတွေ ရှိပြီးသားပါ။ ၂ယောက် ၃ယောက်လောက်တော့ ခေါ်ဖြစ်မယ် ထင်ပါတယ်။ မေးနေစရာတောင် မလိုပါဘူး။ ဂလေဇာ မိသားစုဟာ ကျွန်တော်တို့ရဲ့ အသင်းကို တိုးတက်အောင် လုပ်ချင်စိတ်ကို အမြဲ ထောက်ပံ့ ပေးခဲ့သူတွေပါ" ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်း ခေါ်ယူရန် ကြိုးပမ်းနေသည့် ကစားသမားများ စာရင်းတွင် ဗန်ဒါဆား နေရာ အစားထိုးရန် အတွက် နူအာ သို့မဟုတ် ဒီဂီယာ တို့ထဲမှ တစ်ဦး ပါဝင်ဖွယ် ရှိနေပြီး ကွင်းလယ် နေရာတွင်မူ ရှနိုက်ဒါ၊ ရော့ဒ်ဝဲလ်၊ ချာလီအဒမ် တို့ကို စောင့်ကြည့်လျှက် ရှိနေသည်။ ထို့အတူ ဗဟို နောက်ခံ ကစားသမား တစ်ဦးအား ခေါ်ယူဖွယ် ရှိနေပြီး ဘော်လ်တန်မှာ ဂယ်ရီကာဟေးလ်၊ အေစီမီလန်မှ သီယာဂို ဆေးလ်ဗားတို့အား စိတ်ဝင်စားလျှက် ရှိနေသည်။

တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူရန် မှာမူ ဖြစ်နိုင်ခြေ နည်းပါးနေပြီး "ကျွန်တော်တို့ ဘာတွေ တော်သလဲ ဆိုရင် လူငယ်တွေ ခေါ်တဲ့ နေရာမှာ တော်ပါတယ်။ ချီချာရီတို လိုမျိုးပေါ့။ ပြီးခဲ့တဲ့ ၆နှစ်တာ ပြန်ကြည့်ရင် ကျွန်တော်တို့ ရော်နယ်လ်ဒို၊ နာနီ အစရှိတဲ့ လူငယ်တွေကို ခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကျွမ်းကျင်ခဲ့တဲ့ ကိစ္စကို ပြောင်းလဲဖို့ မသင့်ပါဘူး။ သင့်တော်တဲ့ လူငယ် ကစားသမားလို့ သတ်မှတ်တယ် ဆိုရင် ဒါဟာ ကျွန်တော်တို့ လျှောက်ရမယ့် လမ်းပါပဲ" ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။

0 comments:

  © Blogger template 'Isolation' by Ourblogtemplates.com 2008

Back to TOP