Mar 28, 2011

ငလျင် ကောက်ရိုးတမျှင် ချစ်ခြင်းတရား

မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
အိပ်စက်ခြင်းတို့က အညှာအတာမဲ့စွာ
သားကို ရက်ရက်စက်စက် ပြစ်ခွါသွားကြတယ်။
မဆီမဆိုင် အတွေးများ ကစင့်ကလျား
ကျူးကျော်စစ်သုံးခုနဲ့ သားတို့တိုင်းပြည် နယ်ချဲ့လက် ကျခဲ့ရတယ်။
အခုတော့ … စစ်ပွဲ တပွဲမှ မနွှဲလိုက်ရပဲနဲ့ သားရဲ့ညဟာ
အတွေးနယ်ချဲ့လက်မှာ လုံးလုံးကြီးကျရှုံးခဲ့ရပါပီ၊
အဓိကတရားခံကတော့ ကမ္ဘာမြေကို ကိုင်လှုပ် ဆူနာမီလှိုင်းနဲ့ရိုက်ပုတ်
လူတွေထောင်သောင်းချီ သေကျေ ပျက်စီး တုန်လှုပ်ခြင်းကြီးခဲ့ရတဲ့
ငလျင်ပဲပေါ့ …. မေမေ။


မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
ဥရောပရဲ့ ဆောင်းနှောင်းရာသီလေဟာ
ရေခဲရေငွေ့ကိုလျော့ချ သယ်ဆောင်လာသည့်တိုင်အောင်
အအေးဓာတ်က တကိုယ်လုံးကို ထိုးဖောက် အာရုံတွေ နောက်လှပီ။
အဖြစ်အပျက်က ကိုယ့်လက်ပေါ်မှာ အသက်ထွက်သွားတာကို ကြုံရသလိုမျိုး
ချောက်ချောက်ချားချား ရှိနေရတဲ့အထဲ ပြေးစရာ မြေမရှိ ရေမရှိ
အန္တရာယ်အတိနဲ့ လေကိုကြည့်ဦးမလား
မြေ ရေ လေ အားလုံးအဆိပ်ငွေ့တွေဖုံးလို့
ကျနော်လေ ဘယ်လိုလုပ်ပီးတော့များ ပြုံးနိုင် ရယ်နိုင်ဦးမှာလဲ၊
သားနဲ့ သူ့အမေ၊ ပီးတော့ လုပ်ဖော် ကိုင်ဖက်များ မိတ်ဆွေများ
ကျနော့်နိုင်ငံသူနိုင်ငံသားများ၊ သူတို့နိုင်ငံသူနိုင်ငံသားများ
ဘေးကင်းစေချင်တဲ့ ဆန္ဒက ငယ်ထိပ်တက်နေခဲ့ပေါ့ … မေမေ။
မေမေ
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
သားမှာ ဒုက္ခိတ ပျားတုတ် သတင်းတပုဒ် ရောက်လာတယ်
ခုနှစ် ပြင်းအားရှိတဲ့ ငလျင်တခု ဗမာပြည်ဘက်ကို ချီတက်သွားတယ်ဆိုရဲ့
ကျနော်လေ ရင်မှာ လှိုင်းထ အမေနဲ့ အမေ့မြေး (မြည်း) တွေအတွက်ပ၊
စိုးရိမ်စိတ်နဲ့ ဖုံးခွက်ကို အသာမ ခပ်သွက်သွက် နံပါတ်ကို နှိပ်ချလိုက်တယ်။
သတ္ထုလှိုင်သံကိုဖြတ်သန်း  အေးမြတဲ့ အမေ့ရဲ့ စမ်းရေသံကြားရတဲ့အခါ
ဖြစ်ချင်းပျက်ခြင်းတရားများ အပြန်အလှန်မှာကြား အမေနဲ့သားအကြားမှာ
တောင် မင်းကို မြောက်မင်းက မကယ်နိုင်
ဇနီး၊ သား၊ မိတ်ဆွေများနဲ့ ငါ့အကြားမှာ
မြောက်မင်းက တောင်မင်းကို မကယ်နိုင် ….
ငါကလဲ ငါ့ကို အားမပေးနိုင်
ဘေးဘယာ ဝေးကွာအောင် တဦးနဲ့တဦး
မေတ္တာကြိုးနဲ့ ချည်နှောင် ဒီလူ့ဘောင်မှာ
နောက်ဆုံးထွက်သက် ကောက်ရိုးတမျှင်ဖြစ်ချင် ဖြစ်မကွဲ့
မသေခင်လေး နောက်ဆုံးအခွင့်အရေး
အမေ့ကို တခါလောက်တော့ ပွေ့ဖက်ခွင့် ရချင်သေးရဲ့။

ရဲရင့်သက်ဇွဲ
၂၅၊ ၀၃၊ ၂၀၁၁

0 comments:

  © Blogger template 'Isolation' by Ourblogtemplates.com 2008

Back to TOP