Mar 23, 2011

ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် ရွာလုံးကျွတ်ပြောင်းရွေ့ခိုင်း

အငြိမ်းစား ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန်အတွက် ထားဝယ်မြို့ အရှေ့ပြင်ရွာ တရွာလုံးပြောင်းရွေ့ ပေးနေရပြီး သက်ဆိုင်ရာ အာဏာပိုင်များက ပြန်လည်နေရာ ချထားပေးခြင်း မရှိသည့်အတွက် ဒေသခံများ နေရေးထိုင်ရေးအခက်ခဲနှင့် ကြုံတွေ့နေရသည်။ယခုလ (၁)ရက်နေ့မှ စတင်၍ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ လေယာဉ်ကွင်းအနီးအရှေ့ပြင်ရွာတွင် ဒေသခံများကို ပြောင်းရွေ့ပေးရန် ခယက ဥက္ကဌက အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။ “ထားဝယ်ခရိုင် ခယက ဥက္ကဌနဲ့ သူ့လူတွေကလာပြီးတော့ ပြောင်းရွေ့ခိုင်းတာ၊ ဗဟိုကအမိန့်အရလို့ပြောတယ်၊ သူတို့က ကြိုတင်အကြောင်းမကြားဘဲ အခုလို အဓမ္မအာဏာသုံးပြီးလုပ်တော့ တော်တော်ကို ဒုက္ခရောက်တယ်” ဟု ပြောသည်။


အာဏာပိုင်များက  ရွာနှင့် ၁၀ မိုင်ကျော်ဝေးသည့် နေရာသို့
ဒေသခံများကို ပြောင်းရွေ့ခိုင်းပြီး ပြန်လည်နေရာ ချထားခြင်းမရှိသည့်အပြင် တစုံတရာ လျော်ကြေးပေးခြင်းလဲ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“တရွာလုံး အိမ်ခြေ (၁၄၀၀) ကျော်ရှိတယ်၊ မိသားစု (၁၈၀၀) နဲ့ ကလေးလူကြီးပေါင်း (၉၀၀၀)လောက်က အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်၊ အဲလိုဖြစ်နေတော့ တချို့က နီးစပ်ရာ ရွာတွေ၊ နောက်ထိုင်းနိုင်ငံဘက် ထွက်သွားတာတွေ ဖြစ်နေတယ်၊ ကျောင်းနေအရွယ်ကလေးတွေလဲ ဒုက္ခရောက်ကုန်တယ်” ဟု ဒေသခံက ဆက်ပြောသည်။
ထို့အပြင် ထားဝယ်မြို့ ကမျောဂန်းတံတားအနီး ဥခရံ ရပ်ကွက်တွင် မြို့သစ်တိုးချဲ့ရန်ဟုဆိုကာ ပြီးခဲ့သည့် လဆန်းပိုင်းက လယ်ဧက (၁၀၀၀) ကျော်နှင့် ဥယျာဉ်ခြံများစွာကို မြို့နယ် (မယက)နှင့် ခယက တို့ပေါင်းကာ သိမ်းယူခဲ့ပြီး လျော်ကြေးမပေးသည့်အပြင် ရောင်းချမှုများ ပြုလုပ်နေလျှက်ရှိသည်။
“သူတို့က အဲဒီမှာလည်း သိမ်းပြီးတော့ မြေကွက်ရိုက်ပြီး သိန်း(၄၀) ကနေ (၁၀၀) ကြားကို ပြန်ရောင်းနေတယ်၊ မြေသိမ်းခံလိုက်ရတဲ့ သူတွေကို တန်ရာတန်ကြေး လျော်ပေးတာလည်း မရှိဘူး” ဟု ပြောသည်။
၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင်လည်း လေယာဉ်ကွင်းဖောက်လုပ်ရန်အတွက် ဒေသခံ သုံးပုံ တပုံခန့် အိမ်ယာ၊ ဥယျာဉ်၊ ခြံမြေများသိမ်းဆည်းခံခဲ့ရပြီး လျော်ကြေးမရှိခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။
“အဲဒီတုန်းကလည်း အခုလိုဘဲ ဘာမှ လျော်ကြေးပေးတာမရှိဘူး၊ အကုန်သိမ်းတာ၊ အိမ်ခြေက ၃၇၀ နဲ့ ခြံလယ်တွေ ဧက (၇၀၀) ကျော် အသိမ်းခံခဲ့ရတယ်၊ ဒေသခံ တယောက်အနေနဲ့ ပြောရရင်တော့ တော်တော်ကို ကျနော်တို့ ဆုံးရှုံးခဲ့ရတယ်၊ ဒုက္ခလဲရောက်တယ်” ဟု ပြောသည်။

0 comments:

  © Blogger template 'Isolation' by Ourblogtemplates.com 2008

Back to TOP